ဖီဖာ အဖွဲ့ချုပ်ဟာ အဖွဲ့ဝင် အသင်းအဖွဲ့အချို့ရဲ့ ပြင်းထန်တဲ့ကန့်ကွက်မှုတွေကြောင့် အဖွဲ့အစည်း စီးပွားရေးလုပ်ငန်းအစိတ်အပိုင်းကို ပြင်ပရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချမဲ့အစီအစဉ်ကို ဆက်မလုပ်တော့ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။ ဖီဖာ ဟာ ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲတွေကို စီမံခန့်ခွဲမဲ့ ယူနစ်သစ်တစ်ခုရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ရောင်းချပြီး ဒေါ်လာ ၄.၂ ဘီလီယံအထိ ရန်ပုံငွေရှာဖို့ စီစဉ်ခဲ့တာပါ။
ဒီအစီအစဉ်ကို ယူအီးအက်ဖ်အေ က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ဖီဖာ ပြိုင်ပွဲတွေကို သပိတ်မှောက်ဖို့အထိ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေ က ဘောလုံးအားကစားရဲ့ “ဝိညာဉ်” ကို ရောင်းစားဖို့ ကြိုးပမ်းတာလို့ စွပ်စွဲခဲ့သလို ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို ကလည်း သဘောထားကွဲလွဲမှုတွေကြောင့် ဒီအစီအစဉ်ကို ဆက်မလုပ်တော့ဘူးလို့ အတည်ပြုခဲ့ပါတယ်။
အစီအစဉ် မဖျက်သိမ်းမီမှာပဲ အင်ဖန်တီနို ရဲ့ အကြီးတန်းအကြံပေး ကာလို့စ် ကော်ဒီရို နှုတ်ထွက်ခဲ့ပြီး ဖီဖာ အရာရှိချုပ် ကယ်ဗင် လားမား ကလည်း ဝန်ထမ်းတွေ လှည့်ဖြားခံခဲ့ရတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် အင်ဖန်တီနို ရဲ့ ရာထူးနေရာအတွက် သံသယတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၆ ကမ္ဘာ့ဖလား ကာလအတွင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကြောင့် သူဟာ ဝေဖန်မှုတွေ ရင်ဆိုင်နေရတာပါ။ Thrive Capital ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာပါဝင်မဲ့ ဂျော့ရှူးဝါး ကက်ရှ်နာ ဟာ ထရမ့် ရဲ့ သမက်ဖြစ်သူ ဂျားရက် ကက်ရှ်နာ ရဲ့ ညီဖြစ်နေတာကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် အေအက်ဖ်စီ (AFC) ကလည်း ဖီဖာ ရဲ့ စီမံခန့်ခွဲမှုပုံစံကို အရေးပေါ် ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပြီး အေအက်ဖ်စီ ဥက္ကဋ္ဌ ရှေ့ခ် ဆယ်လ်မန် က ဖီဖာ ရဲ့ လုပ်ဆောင်ချက်တွေကို လက်ခံနိုင်စရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗစ်တာ မွန်တာဂလီယာနီ ကလည်း လာမဲ့မတ်လ ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အင်ဖန်တီနို ကို စိန်ခေါ်ပြိုင်ဆိုင်ဖွယ် ရှိနေပါတယ်။
Source : https://www.aljazeera.com/




