ဘာစီလိုနာ စိတ်ဝင်စားနေပေမဲ့ ဘိုင်ယန်မြူးနစ်မှာပဲ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေတဲ့ ဟာရီ ကိန်း

ဟာရီ ကိန်း စာချုပ်သစ်

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီ ကိန်း ဟာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကိုခံနေရပေမဲ့ ဘိုင်ယန်မြူးနစ် အသင်းမှာပဲ သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေပါတယ်။ ဘာစီလိုနာ အသင်းဘက်ကတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးအရ ဘယ်လိုစီစဉ်ရမလဲဆိုတာကို လေ့လာစုံစမ်းနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ Sky Sports News ရဲ့ တနင်္လာနေ့အစောပိုင်း သတင်းထုတ်ပြန်ချက်အရ ဟာရီ ကိန်း နဲ့ သူ့ရဲ့ မိသားစုဟာ မြူးနစ်မြို့က လူနေမှုဘဝအပေါ် အရမ်းကိုပျော်ရွှင်ကျေနပ်နေကြတယ်လို့ သိရပါတယ်။ ဟာရီ ကိန်း ရဲ့ လက်ရှိစာချုပ်ဟာ ၁ နှစ်ပဲ ကျန်တော့တာ ဖြစ်ပေမဲ့ ဘိုင်ယန်မြူးနစ် အသင်းရော၊ ကစားသမားကိုယ်တိုင်ပါ စာချုပ်ကိစ္စနဲ့ ပတ်သက်လို့ အေးအေးဆေးဆေးပဲ ရှိနေကြပါတယ်။

လက်ရှိအချိန်မှာတော့ သူ့ရဲ့ အဓိက အာရုံစိုက်မှုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် အသင်းနဲ့အတူ အကောင်းဆုံးယှဉ်ပြိုင်ဖို့ပဲ ဖြစ်တာကြောင့် သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ တိုးတက်ပြောင်းလဲမှုတွေကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးမှပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဟာရီ ကိန်း ဟာ ပါနားမား အသင်းနဲ့ ကစားခဲ့တဲ့ အုပ်စု (L) နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန် အသင်းအတွက် ဒုတိယမြောက် ဂိုးကို သွင်းယူပေးခဲ့ပြီး ဒီရာသီ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၇၀ မြောက် ဂိုးကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

သူဟာ ၂၀၂၅/၂၆ ရာသီမှာ ၅၁ ပွဲပဲ ကစားရသေးပေမဲ့ ကလပ်အသင်းအတွက် ၆၁ ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးထားပါတယ်။ ပြိုင်ပွဲစုံမှာ ဒီလောက်အထိ ဂိုးအများကြီး သွင်းယူနိုင်ခဲ့တဲ့ နောက်ဆုံး ကစားသမားကတော့ ၂၀၁၄/၁၅ ရာသီတုန်းက ရီးရဲလ်မက်ဒရစ် အသင်းမှာကစားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ပဲ ဖြစ်ပါတယ်။

ဟာရီ ကိန်း ဟာ ဒီရာသီမှာ ဂျာမန်စူပါကပ်၊ ဘွန်ဒက်စ်လီဂါ နဲ့ ဒီအက်ဖ်ဘီပိုကယ် ဖလား အပါအဝင် ဆုဖလား ၃ လုံးကို ဆွတ်ခူးရရှိထားသလို ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးအများဆုံး သွင်းယူသူအဖြစ် ဥရောပရွှေဖိနပ်ဆုကိုပါ ရရှိထားပါတယ်။ ဒါဟာ သူ့အတွက် ဒုတိယမြောက် ဥရောပရွှေဖိနပ်ဆုဖြစ်ပြီး ဒီဆုကို ၂ ကြိမ်နဲ့အထက် ရဖူးတဲ့သူဆိုလို့ လက်ချိုးရေလို့ရတဲ့ ကစားသမား အနည်းငယ်ပဲ ရှိပါတယ်။ အဲ့ဒီထဲမှာ မက်ဆီ က ၆ ကြိမ်နဲ့ ရော်နယ်ဒို က ၄ ကြိမ်စီဖြင့် အများဆုံး ရရှိထားကြတာ ဖြစ်ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *