ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေ ဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်သစ်ကို ချိုးဖျက်နိုင်ခဲ့ပြီး စံချိန်တင် ဂိုးသွင်းရှင် မက်ဆီ ရဲ့ စံချိန်ကို လိုက်မီဖို့ ၁ ဂိုးပဲ လိုပါတော့တယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က နယူးဂျာစီ ပြည်နယ်၊ အီးစ်တ် ရူသာဖို့ဒ် ရှိ MetLife ကွင်း မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အမ်ဘာပေ ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ပြင်သစ် အသင်းက ဆွီဒင် အသင်းကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ ၁၉၉၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ဘရာဇီး ကို ၃-၀ နဲ့ နိုင်ခဲ့ပြီးနောက်ပိုင်း ရှုံးထွက်အဆင့်မှာ ပြင်သစ် အသင်းရဲ့ အကြီးမားဆုံး နိုင်ပွဲဖြစ်ခဲ့ပြီး ၁၆ သင်းအဆင့်မှာတော့ ဂျာမနီ ကို အနိုင်ယူကျော်ဖြတ်လာတဲ့ ပါရာဂွေး အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ အဆင့်အတန်း၊ ကစားဟန်နဲ့ ဘာလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ အသင်းသားအားလုံး ဘာလုပ်ရမလဲဆိုတာကို သိကြပါတယ်။ ဒီနေ့ကစပြီး ပြိုင်ပွဲအသစ်တစ်ခု စတင်လိုက်တာပါ။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ အစပိုင်းမှာ နည်းနည်း တွန့်ဆုတ်နေခဲ့လို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်” လို့ အမ်ဘာပေ က စကားပြန်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
အမ်ဘာပေ ဟာ ပွဲချိန် ၄၅ မိနစ်မှာ လှပတဲ့ တစ်ကိုယ်တော် အစွမ်းပြမှု၊ ဖြတ်ကျော်လိမ်ခေါက်မှုတွေနဲ့အတူ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒါဟာ ရီးရဲလ်မက်ဒရစ် စတား အမ်ဘာပေ အတွက် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ၉ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ဘရာဇီး ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ လီယိုနီဒက်စ် နဲ့ ရိုနယ်ဒို တို့ရဲ့ စံချိန်ကိုကျော်ဖြတ်ကာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ အမ်ဘာပေ ဟာ ဂိုးသွင်းပြီးပြီးချင်း နည်းပြ ဒီဒီယာ ဒေရွှံ ဆီကို ချက်ချင်းပြေးသွားခဲ့ပါတယ်။ နည်းပြ ဒေရွှံ ဟာ မိခင်ဖြစ်သူရဲ့ဈာပနအတွက် ဥရောပကိုပြန်သွားခဲ့ရလို့ နော်ဝေ နဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက်ပိုင်း အသင်းကို ပထမဆုံးအကြိမ် ပြန်လည်ကိုင်တွယ်တာ ဖြစ်ပါတယ်။
“သူ့ဘေးမှာ ကျွန်တော်တို့ အမြဲရှိနေပြီး အမြဲတမ်းပံ့ပိုးပေးသွားမယ်ဆိုတာ သူသိပါတယ်” လို့ အမ်ဘာပေ က ဆိုပါတယ်။
အမ်ဘာပေ ရဲ့ ခြေစွမ်းပြမှုက ဒီတင်ရပ်မသွားခဲ့ပါဘူး။ ဒုတိယပိုင်းအစမှာ ဘရတ်ဒ်လေ ဘာကိုလာ က ပြင်သစ် အတွက် ဒုတိယဂိုး သွင်းပေးခဲ့ပြီးနောက် ပွဲချိန် ၇၄ မိနစ်မှာတော့ မိုက်ကယ် အိုလစ်တ် ရဲ့ အသေအချာ ပေးပို့ဖန်တီးပေးမှုကတစ်ဆင့် အမ်ဘာပေ က တတိယမြောက် ဂိုးအဖြစ် အနုပညာဆန်ဆန် သွင်းယူပေးခဲ့ပါတယ်။
အမ်ဘာပေ ဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆ ဂိုးမြောက် သွင်းယူနိုင်ခဲ့လို့ ရွှေဖိနပ်ဆု ရွှေဂိုးရှင်စာရင်းမှာ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ နဲ့ ဂိုးတူသွားခဲ့ပါပြီ။ သူဟာ ကမ္ဘာ့ဖလား ၁၈ ပွဲမှာ ၁၈ ဂိုး သွင်းယူထားနိုင်ပြီး အချိန်ပြည့် ဂိုးသွင်းအများဆုံးစာရင်းမှာ မက်ဆီ ရဲ့ နောက် ၁ ဂိုးအကွာကို ရောက်ရှိလာခဲ့ပါတယ်။ မက်ဆီ ကတော့ သူ့ရဲ့ ကစားသမားသက်တမ်းတစ်လျှောက် ကမ္ဘာ့ဖလား ၂၉ ပွဲ ကစားထားတာ ဖြစ်ပါတယ်။
ပွဲချိန် ၈၅ မိနစ်မှာ အမ်ဘာပေ ကို လူစားလဲချိန် ကွင်းဘေးကို ထွက်လာတဲ့အခါ နည်းပြ ဒေရွှံ ကိုယ်တိုင် ဦးညွှတ်ပြီး ကြိုဆိုခဲ့ပါတယ်။
“ကျွန်တော်တို့တွေ မစ်ရှင်တစ်ခုကို ဆောင်ရွက်နေတာပါ။ ကျွန်တော်လည်း သူတို့နဲ့အတူ ရှိနေပါတယ်” လို့ နည်းပြ ဒေရွှံ က စကားပြန်ကတစ်ဆင့် ပြောပါတယ်။
အိုလစ်တ် ဟာ ဘာကိုလာ ရဲ့ ဂိုးအတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့လို့ ယခုပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ရှိလာခဲ့ပြီး ဒါဟာ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားတုန်းက ဂျာမနီ အသင်းအတွက် ကစားပေးခဲ့တဲ့ သောမတ်စ် ဟက်စလာ ရဲ့ စံချိန်နောက်ပိုင်း အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းမှာ အများဆုံး ဖန်တီးနိုင်တဲ့ စံချိန်လည်း ဖြစ်ပါတယ်။
“သူက ကွင်းထဲမှာ အရာရာကိုလုပ်ဆောင်နိုင်ပါတယ်။ ခံစစ်အတွက်လည်း အားစိုက်ထုတ်သလို ဘောလုံးရရင်လည်း ကောင်းမွန်တဲ့ ပေးပို့မှုတွေနဲ့ အန္တရာယ်ရှိအောင် ဖန်တီးပေးနိုင်လို့ သူနဲ့အတူကစားရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။ သူက ဂိုးသွင်းနိုင်တဲ့ အရည်အချင်းလည်း ရှိပြီး ဂိုးရဖို့လည်း နီးစပ်ခဲ့ပါတယ်။ နောက်ပွဲတွေမှာ ဂိုးရလာမှာပါ။ သူက တကယ့်ပါရမီရှင်တစ်ယောက်ပါ” လို့ ဘာကိုလာ က အိုလစ်တ် အပေါ် ချီးကျူးစကား ပြောခဲ့ပါတယ်။
ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ၃ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့ ပြင်သစ် အသင်းဟာ စနေနေ့မှာ ဖီလာဒဲလ်ဖီးယား မြို့မှာ ပါရာဂွေး အသင်းနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ ၅ ရက်အကြာမှာတော့ မက်ဆာချူးဆက် ပြည်နယ်၊ ဖောက်စ်ဘရော့ မြို့မှာ ကနေဒါ သို့မဟုတ် မော်ရိုကို အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Source : https://www.espn.com.sg/




