ဘရာဇီး ထိပ်တန်းလိဂ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ အင်္ဂလန်သားအဖြစ် လင်ဂတ် ဟာ ကိုရင်သီယန် အသင်းမှာ ဘဝသစ်ကို စတင်နေပြီး ပြီးခဲ့တဲ့အပတ်က ကိုပါဒိုဘရာဇီး ပြိုင်ပွဲမှာ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်လာချိန်မှာ ဝေဖန်သူ မော်ရို ဆီဇာ ပါရီရာ က “ထူးဆန်းတဲ့ ခေါ်ယူမှု” လို့ ပြောခဲ့ပေမဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လင်ဂတ် ကတော့ အက်ဖ်စီ ဆိုးလ် ကနေ ထွက်ခွာပြီးနောက်မှာ အခြေကျနေပြီ ဖြစ်ပါတယ်။
သူက “ဒါဟာ မြင့်မားတဲ့ အဆင့်အတန်းရှိတဲ့ ဘောလုံးလောကပါပဲ။ ကျွန်တော်လည်း ဒီအဆင့်မှာ ကစားနိုင်သေးတယ်လို့ ယုံကြည်ပါတယ်။ ဒီက အသင်းကြီးတွေနဲ့ လိဂ်ရဲ့ အင်အားကို ကြည့်ပြီး လာခဲ့တာပါ။ တခြား ကမ်းလှမ်းမှုတွေ ရှိပေမဲ့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ချင်လို့ ဒီကို ရွေးခဲ့တာပါ” လို့ ဆိုပါတယ်။ ဆုဖလားယူဖို့ ရည်မှန်းချက်နဲ့ လာခဲ့တာလို့လည်း သူက ပြောပါတယ်။ ဘီဘီစီ နဲ့ အင်တာဗျူးမှာ လင်ဂတ် ဟာ ဘရာဇီး က သူ့ဘဝသစ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ နေမာ တို့အကြောင်းကို ပြောပြခဲ့ပါတယ်။ မန်ယူ က အသင်းဖော်ဟောင်း မင်းဖစ် ဒီပေး က သူ့ကို ကိုရင်သီယန် ကို လာဖို့ တိုက်တွန်းခဲ့တာပါ။
ရီယို က နာမည်ကျော် မာရာကာနာ ကွင်းမှာ ဖလူမီနန်ဆေး နဲ့ ပွဲမှာ သူ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ နည်းပြ အပြောင်းအလဲတွေ ရှိခဲ့ပေမဲ့ လင်ဂတ် ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် နိုင်ပွဲရဖို့ ပိုစိတ်အားထက်သန်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက် အကြောင်းကိုလည်း သူ အမြဲ စောင့်ကြည့်နေပါတယ်။ ရူဘင် အာမိုရင် ရဲ့ နေရာမှာ မိုက်ကယ် ကားရစ် ရောက်လာပြီးနောက် အသင်းဟာ တိုးတက်လာတယ်လို့ သူက မြင်ပါတယ်။ မိုက်ကယ် ကားရစ် မှာ မန်ယူ DNA ရှိနေတာကြောင့် သူ့ကို အမြဲတမ်းနည်းပြ ခန့်သင့်တယ်လို့ လင်ဂတ် က ထောက်ခံထားပါတယ်။
အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် နဲ့လည်း အဆက်အသွယ် ရှိနေပြီး ဒီရာသီမှာ ဘရူနို ဖာနန်ဒက်စ် ရဲ့ ခြေစွမ်းဟာ ဘလွန်ဒီအော ဆုနဲ့ ထိုက်တန်တယ်လို့ သူက ယုံကြည်နေပါတယ်။ နောက်ဆုံးမှာတော့ သူ အကြိုက်ဆုံး ကစားသမားတွေ ဖြစ်တဲ့ နေမာ ၊ ရော်နယ်ဒင်ဟို တို့အကြောင်းနဲ့ ရှေ့လာမဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန် အသင်း ချန်ပီယံ ဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းသွားခဲ့ပါတယ်။
Source : https://www.bbc.com/




