လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူး ဆာလာ ကို ရာသီမကုန်ခင်မှာ အသင်းဆီ ပြန်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒုတိယပိုင်းမှာ ပေါင်နောက်ကြောဒဏ်ရာ သံသယနဲ့ ကွင်းထဲက ထွက်သွားရချိန်မှာ ဒါဟာ အသင်းအတွက် သူရဲ့နောက်ဆုံးပွဲ ဖြစ်သွားမလားလို့ စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ အသင်းမှာ ၉ နှစ်တာ ဖြတ်သန်းခဲ့ပြီး ၄၃၅ ပွဲမှာ ၂၅၇ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဆာလာ အတွက် ဒီလိုမျိုးနှုတ်ဆက်ရမှာက တကယ့်ကို ဝမ်းနည်းစရာ ကောင်းပါတယ်။ သူဟာ လာမဲ့လမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့လက ကြေညာထားခဲ့တာပါ။
ဒါပေမဲ့ လီဗာပူး အသင်းကတော့ ဗုဒ္ဓဟူးနေ့မှာ ဆာလာ ရဲ့ ဒဏ်ရာဟာ “အသေးစား ကြွက်သားဒဏ်ရာ” သာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး သူ အသင်းကနေ မထွက်ခွာခင် ပွဲပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ လီဗာပူး ရဲ့ ဒီရာသီ နောက်ဆုံးပွဲဟာ မေလ ၂၄ ရက်နေ့မှာ အန်ဖီးလ် ကွင်းမှာ ဘရန့်ဖို့ဒ် နဲ့ ကစားရမဲ့ပွဲ ဖြစ်ပါတယ်။
သူ ပြန်လာနိုင်မဲ့ အချိန်ဟာ ဒီနွေရာသီမှာ ကစားမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အီဂျစ် အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပေးဖို့အတွက်လည်း လမ်းကြောင်းမှန်ပေါ် ရှိနေစေပါတယ်။ ၂၀၁၇ ခုနှစ်မှာ အသင်းကို စတင်ရောက်ရှိလာကတည်းက ဆာလာ ဟာ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ ဖီဖာ ကလပ်ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ အက်ဖ်အေဖလား နဲ့ လိဂ်ဖလား ၂ ကြိမ်အပြင် ကွန်မြူနတီဒိုင်း တို့ကို ရရှိခဲ့တဲ့ ဂန္ထဝင်ကစားသမား တစ်ဦးပါ။
လီဗာပူး အသင်းသမိုင်းတစ်လျှောက်မှာ အိုင်ရန် ရပ်ရှ် (၃၄၆ ဂိုး) နဲ့ ရော်ဂျာ ဟန့်တ် (၂၈၅ ဂိုး) တို့ကလွဲရင် ဘယ်သူကမှ ဆာလာ ထက်ပိုပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲမှာ လူစားလဲခံရချိန်မှာ အန်ဖီးလ် ပရိသတ်တွေကို သူ နှုတ်ဆက်ခဲ့ပုံက ထပ်ပြီးဂိုးသွင်းခွင့်ရပါဦးမလားဆိုတာ မသေချာတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။
အခုတော့ လာမဲ့ တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ် မှာကစားမဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာပါဝင်ဖို့ မသေချာသေးပေမဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ရာသီမကုန်ခင်မှာ ဆာလာ ကို ပြန်မြင်ရဖို့ မျှော်လင့်ချက် ရှိလာပါပြီ။ လီဗာပူး ဟာ မေလ ၉ ရက်နေ့မှာ ချယ်လ်ဆီး ကို လက်ခံကစားရမှာဖြစ်ပြီး မေလ ၁၇ ရက်နေ့မှာတော့ အက်စတွန် ဗီလာ ဆီ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘရန့်ဖို့ဒ် နဲ့ ပွဲမှာ ရာသီကုန်ဆုံးမှာပါ။
Source : https://www.bbc.com/




