မန်စီးတီး ကွင်းလယ်လူ ရိုဒရီ ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ သဘောတူညီမှုရရှိ

ရိုဒရီ ဘာစီလိုနာ အပြောင်းအရွှေ့

မန်ချက်စတာစီးတီး အသင်းဆီကနေ စပိန် လက်ရွေးစင်အသင်းခေါင်းဆောင် ရိုဒရီ ကို ပေါင် ၆၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းက သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။

၂၀၂၄ ခုနှစ် ဘာလွန်းဒီအောဆုရှင် အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ လာလီဂါ ချန်ပီယံ ဘာစီလိုနာ နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး လာမဲ့ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စတွေအားလုံး ပြီးပြတ်တော့မှာ ဖြစ်ပါတယ်။

ရိုဒရီ ဟာ ၂၀၁၉ တုန်းက အက်သလက်တီကို မက်ဒရစ် ကနေ မန်စီးတီး ကို ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၂.၈ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေ အပြည့်နဲ့ ၇ ရာသီအတွင်း ပွဲပေါင်း ၂၉၈ ပွဲအထိ ကစားပေးခဲ့ပါတယ်။

ဒူးဒဏ်ရာပြင်းထန်မှုကြောင့် ၂၀၂၄-၂၅ ရာသီ အများစုကို လွဲချော်ခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း ပေါင်နောက်ကြောဒဏ်ရာကြောင့် အခက်အခဲတချို့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဒါပေမဲ့ နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးပုံစံကို ပြန်လည်ရောက်ရှိလာခဲ့ပြီး စပိန် အသင်းကို ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးသွားခဲ့ပါတယ်။

သူဟာ မန်စီးတီး နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်နဲ့ ၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ဖလား အပါအဝင် အဓိကဆုဖလားကြီး ၁၂ ခုအထိ သိမ်းပိုက်နိုင်ခဲ့တာပါ။

အီတီဟတ် မှာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲရောက်တော့မဲ့ ရိုဒရီ အတွက် ဘာစီလိုနာ ရဲ့ ပထမအကြိမ် ပေါင် ၃၈.၅ သန်း ကမ်းလှမ်းမှုကို မန်စီးတီး ဘက်က ပြီးခဲ့တဲ့အပတ်ကပဲ ငြင်းပယ်ခဲ့ပါသေးတယ်။ အစောပိုင်းမှာ ရီးရဲလ် မက်ဒရစ် ဆီ ရောက်သွားမယ်လို့ ထင်ကြေးပေးခဲ့ကြပေမဲ့ ပြိုင်ဘက် ဘာစီလိုနာ က အပြောင်းအရွှေ့ အမြန်ဆုံးအထမြောက်ဖို့ မကြာသေးခင်ရက်ပိုင်းအတွင်း အစွမ်းကုန် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အာဆင်နယ် ကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီး နည်းပြသစ် အန်ဇို မာရက်စ်ကာ ကတော့ “ရိုဒရီ ဆိုတာ ကမ္ဘာ့ဖလားနဲ့ ဘာလွန်းဒီအောကို လတ်တလောမှ ရထားတဲ့ ထိပ်တန်းကစားသမားပါ။ ဘယ်အသင်းမဆို ရိုဒရီ လို ကစားသမားမျိုးကို လိုချင်ကြတာချည်းပါပဲ။ ဒါကြောင့် သူ့ကို လွမ်းနေမလားဆိုတာမျိုး မေးခွန်းထုတ်စရာကို မလိုပါဘူး” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်

ဘူအက်ဒီ က ရိုဒရီ ရဲ့နေရာကို အစားထိုးမလား?

နွေရာသီတစ်လျှောက်လုံး အသက် ၁၈ နှစ်အရွယ် အာယုဘ် ဘူအက်ဒီ ကို မန်စီးတီး ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ခန့်မှန်းခြေ ပေါင် ၈၅ သန်းတန်ကြေးရှိတဲ့ ဒီ မော်ရိုကို ကစားသမားလေးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဘူအက်ဒီ ကိုယ်တိုင်ကလည်း ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာပါ။ ၂၀၂၄ ခုနှစ်တုန်းက လိုင်လီ အသင်းနဲ့အတူ ရီးရဲလ် မက်ဒရစ် ကိုအနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အထူးခြေစွမ်းပြပြီး နာမည်ရလာခဲ့တဲ့ ဒီလူငယ်လေးဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မျက်စိကျစရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဘူအက်ဒီ ဟာ ရိုဒရီ လိုပဲ အသင်းကစားကွက်ကို နောက်ပိုင်းကနေ ထိန်းချုပ်မောင်းနှင်ပေးတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး အန်ဒါဆန် နဲ့ တွဲဖက်ကစားဖို့ အထူးသင့်တော်မဲ့သူပါ။ ဘာနာဒို ဆေးလ်ဗား နဲ့ တစ်ဂျာနီ ရိုင်ဒါးစ် တို့ကို လက်လွှတ်ခဲ့ရတာကြောင့် မန်စီးတီး အနေနဲ့ ရိုဒရီ တစ်ယောက်တည်းတင်မကဘဲ တခြားနေရာတွေကိုပါ ဖြည့်တင်းရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်းမှာ ပွဲ ၃၀ အထိ ပါဝင်ကစားပေးထားတဲ့ ဘူအက်ဒီ ဟာ သူ့ရဲ့အသက်အရွယ်ထက် အများကြီးပိုတဲ့ အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *