အင်ဖန်တီနို သာ ရာထူးကထွက်ရရင် ဖီဖာ ဥက္ကဋ္ဌသစ် ဖြစ်လာနိုင်သူများ

ဖီဖာ ဥက္ကဋ္ဌသစ်

ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို အတွက်တော့ ဖိအားတွေ ပတ်လည်ဝိုင်းနေပြီဖြစ်ပါတယ်။ ဖီဖာ ပြိုင်ပွဲတွေရဲ့ ရှယ်ယာတွေကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဆီရောင်းချမဲ့ အငြင်းပွားဖွယ်အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရပြီးနောက် ဒီဆွစ်ဇာလန်နိုင်ငံသားဟာ အဖော်မဲ့တစ်ကောင်ကြွက် ဖြစ်နေခဲ့တာပါ။

လက်ရှိအခြေအနေအရ အင်ဖန်တီနို ဟာ စတုတ္ထမြောက်နဲ့ နောက်ဆုံးသက်တမ်းအတွက် လာမဲ့မတ်လမှာ ပြန်လည်ရွေးကောက်ခံဖို့ ပြင်ဆင်နေပါတယ်။ သူအနိုင်ရဖို့ဆိုရင် ဖီဖာ အဖွဲ့ဝင် ၂၁၁ နိုင်ငံထဲက ၁၀၆ မဲ ရရှိဖို့ လိုအပ်မှာပါ။
ဒါပေမဲ့ အင်္ဂလန် နဲ့ ဝေလ အပါအဝင် နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ်တွေက သူ့ကိုထောက်ခံကြောင်း ပေးထားတဲ့ စာတွေကို ပြန်လည်ရုပ်သိမ်းလာကြပါပြီ။
ဒါ့ပြင် ဖီဖာ ကောင်စီကလည်း အရေးပေါ်အစည်းအဝေးခေါ်ယူပြီး အင်ဖန်တီနို ကို ရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေးတာမျိုးလည်း လုပ်လာနိုင်ပါတယ်။
တစ်ကယ်လို့ ဒါဟာ သူ့ရဲ့ ဥက္ကဋ္ဌ သက်တမ်း နိဂုံးချုပ်ဖို့ အစပြုလိုက်တာဆိုရင် သူ့နေရာကို ဘယ်သူတွေ ဆက်ခံလာနိုင်မလဲ။

ဗစ်တာ မွန်တက်ဂလီယာနီ
မွန်တက်ဂလီယာနီ ဟာ မြောက်အမေရိက၊ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွင်း ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ ကွန်ကာကက်ဖ် ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
အင်ဖန်တီနို လိုပဲ သူဟာလည်း အုပ်ချုပ်ရေးပုံစံသစ် ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိနဲ့ ၂၀၁၆ မှာ ရွေးကောက်ခံခဲ့ရတာပါ။ ကနေဒါ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းဖြစ်သူ မွန်တက်ဂလီယာနီ ဟာ နိုင်ငံသုံးနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ပထမဆုံးကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်မြောက်ရေးမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ အင်္ဂလိပ်စာအပြင် ပြင်သစ်၊ အီတလီနဲ့ စပိန်ဘာသာစကားတွေကိုပါ ကျွမ်းကျင်စွာ ပြောဆိုနိုင်သူပါ။

ကွန်ကာကက်ဖ် ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မွန်တက်ဂလီယာနီ က “ကျွန်တော် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် အကုန်ပုံအောလုပ်တာပါ။ အမေရိကန် ကနေ ဗင်နီဇွဲလား ကမ်းလွန်က ကျွန်းငယ်လေး ဘိုနဲရီ အထိ နိုင်ငံပေါင်း ၄၁ နိုင်ငံလုံးကို သုံးလကြာ ကိုယ့်စရိတ်နဲ့ကိုယ် မဲဆွယ်စည်းရုံးခဲ့ပါတယ်” လို့ ပြောခဲ့ဖူးပါတယ်။

၂၀၂၄ မှာ ကွန်ကာကက်ဖ် က အသင်းအရေအတွက် တိုးမြှင့်ကျင်းပခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲကို မွန်တက်ဂလီယာနီ ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ဒါကို ပုံမှန်ကျင်းပသွားမဲ့ အစီအစဉ် မရှိဘူးလို့လည်း ဘီဘီစီနဲ့ အင်တာဗျူးမှာ ငြင်းဆိုခဲ့ပါတယ်။
နိုင်ငံရေးအရ ဩဇာညောင်းသူဖြစ်တာကြောင့် နှစ်နှစ်တစ်ကြိမ် ကမ္ဘာ့ဖလားကျင်းပဖို့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ရဲ့ ကြိုးပမ်းမှုကို ညှိနှိုင်းဖြေရှင်းပေးနိုင်ခဲ့သလို ၆၄ သင်းပါ ကမ္ဘာ့ဖလား ကျင်းပမဲ့ အိုင်ဒီယာကိုလည်း ဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး။

၂၀၂၅ Leaders ကွန်ဖရင့်မှာတော့ ဘောလုံးလောကဟာ ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်လောက်အောင် ခိုင်မာတယ်လို့ သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ဘောလုံးကစားနည်းဟာ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်တွေထက် ပိုမိုကြီးမားပါတယ်။ ဘောလုံးဟာ ဘယ်အစိုးရစနစ်ထက်မဆို ရေရှည်တည်တံ့နေမှာပါ။ ဒါက ခေါင်းခဲစရာတွေ ဖြစ်စေသလားဆိုရင် ခေါင်းခဲစရာတော့ ရှိတာပေါ့။ အဲဒါကို ကျွန်တော်တို့ လက်တွေ့ကျကျ စဉ်းစားရပါမယ်။ ဒါပေမဲ့ ဒါဟာ ဘောလုံးရဲ့ လှပမှုပါပဲ၊ ဘောလုံးဆိုတာ ဘယ်လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် ဘယ်နိုင်ငံထက်မဆို ပိုပြီးကြီးမားပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

ရှိတ်ဆာလ်မန် ဘင် အီဘရာဟင် အယ်လ်ခါလီဖာ
အေအက်ဖ်စီ ဥက္ကဋ္ဌ အယ်လ်ခါလီဖာ ဟာ ၂၀၁၃ မှာ စတင်ရွေးကောက်ခံခဲ့ရပြီး ၂၀၂၇ အထိ တာဝန်ထမ်းဆောင်ဖို့အတွက် စတုတ္ထမြောက်သက်တမ်းကို အပြိုင်အဆိုင်မရှိ ပြန်လည်ရွေးချယ်ခံခဲ့ရသူပါ။
ဒီဘာရိန်းနိုင်ငံသားဟာ အာရှ ဘောလုံးအဖွဲ့ချုပ်အတွင်း ချန်ပီယံလိဂ် အီလစ်၊ ချန်ပီယံလိဂ် ၂၊ ချဲလန့်ဂျ်လိဂ် နဲ့ ၂၀၂၄-၂၅ မှာ စတင်ခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲတွေကတစ်ဆင့် အထင်ကရတိုးတက်မှုတွေကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အာရှဖလား ပြိုင်ပွဲကိုလည်း အသင်း ၂၄ သင်းအထိ တိုးမြှင့်ခဲ့ပါတယ်။

အင်ဖန်တီနို ရဲ့ ဖီဖာ စီမံခန့်ခွဲပုံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့သူဖြစ်ပြီး သူ့နောက်မှာ အဖွဲ့ဝင် ၄၆ နိုင်ငံပါဝင်တဲ့ အဖွဲ့ချုပ်လည်း ရှိနေပါတယ်။ ဒီအဖွဲ့ဝင်အများစုဟာ အင်ဖန်တီနို ရဲ့ စီမံကိန်းကပေးအပ်မဲ့ ဘဏ္ဍာရေးပမာဏဟာ သူတို့ရဲ့ စုစုပေါင်း ဘောလုံးအသုံးစရိတ်ထက် အများကြီး ပိုမိုများပြားနေတာကို သတိပြုမိကြပါတယ်။

နာဆာ အယ်လ်ခလိုင်ဖီ
ပါရီဆိန့်ဂျာမိန်း ဥက္ကဋ္ဌ အယ်လ်ခလိုင်ဖီ ဟာ ၂၀၂၁ တုန်းက ၄၈ နာရီအတွင်း ပျက်စီးသွားခဲ့တဲ့ ဥရောပစူပါလိဂ် အရေးအခင်းအပြီးမှာ ဥရောပ ကလပ်အသင်းများအသင်း ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူပါ။
အယ်လ်ခလိုင်ဖီ ဟာ အဖွဲ့အစည်းရဲ့ အမည်ကို ဥရောပ ဘောလုံးကလပ်များ လို့ ပြောင်းလဲခဲ့ရုံတင်မကဘဲ အဖွဲ့ဝင်အသင်းပေါင်း ၈၀၀ ကျော်အထိ တိုးချဲ့နိုင်ခဲ့ပါတယ်။ ထိပ်သီးကလပ်တွေထဲမှာ ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းသာ အဖွဲ့ပြင်ပမှာ ကျန်ရှိပါတော့တယ်။
မူအားဖြင့်တော့ ဒီကာတာနိုင်ငံသားဟာ အင်ဖန်တီနို အတွက် အပြင်းထန်ဆုံး စိန်ခေါ်သူ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က ဒီရာထူးကို မလိုချင်ပါဘူး။
“သူ တကယ်ကို၊ တကယ်ကို ဒီရာထူးကို မလိုချင်တာပါ” လို့ အသက် ၅၂ နှစ်အရွယ် အယ်လ်ခလိုင်ဖီ နဲ့ နီးစပ်သူတစ်ဦးက ကြာသပတေးနေ့က မှတ်ချက်ပေးခဲ့ပါတယ်။

မက်သီးယက်စ် ဂရပ်ဖ်စထရုမ်း
၂၀၂၄ မေလမှာ ဖီဖာ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသူ ဂရပ်ဖ်စထရုမ်း ဟာ ဖီဖာအဖွဲ့အတွင်း ဩဇာကြီးမားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူဟာ ၂၀၁၆ မှာ အင်ဖန်တီနို ဥက္ကဋ္ဌ ဖြစ်လာပြီးနောက်ပိုင်း သူ့ရဲ့ ရုံးအဖွဲ့မှူး ဖြစ်လာခဲ့သူပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ မကြာခဏ တွေ့ရလေ့ရှိသူဖြစ်တာကြောင့် အင်ဖန်တီနို နဲ့ လွန်စွာနီးစပ်သူအဖြစ် မြင်ကြနိုင်သလို နောက်ထပ် ဖီဖာ ဥက္ကဋ္ဌဟာ ဥရောပသားမဟုတ်သူ ဖြစ်သင့်တယ်ဆိုတဲ့ အယူအဆကလည်း သူ့အတွက် အားနည်းချက် ဖြစ်စေနိုင်ပါတယ်။

ဖီဖာ ရဲ့ နောက်ထပ်ဥက္ကဋ္ဌသစ်ကို လာမဲ့ ၂၀၂၇ ခုနှစ်၊ မတ်လ မော်ရိုကို မှာ ကျင်းပမယ့် (၇၇) ကြိမ်မြောက် ညီလာခံမှာ အတည်ပြုသွားမှာပါ။ အဆိုပြုလွှာတင်သွင်းလိုသူ ကန်ဒီဒိတ်တွေအနေနဲ့ နိုဝင်ဘာ ၁၈ ရက်အထိ နောက်ဆုံးထား တင်သွင်းနိုင်ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *