မန်ချက်စတာ ယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ် က လူငယ်ကွင်းလယ်လူ ကိုဘီ မိနူး ဟာ စာချုပ်သစ် ချုပ်ဆိုပြီးနောက်မှာ အသင်းရဲ့ ပြယုဂ်တစ်ခု ဖြစ်လာတယ်လို့ ပြောလိုက်ပါတယ်။ အကယ်ဒမီထွက် ကစားသမားလေးဟာ ဒီအပတ်ထဲမှာပဲ ယူနိုက်တက် နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၃၀-၃၁ ရာသီကုန်အထိ အသင်းမှာ အနည်းဆုံး ဆက်ရှိနေတော့မှာပါ။
အင်္ဂလန် လက်ရွေးစင် ကစားသမားလေးနဲ့ ပတ်သက်ပြီး မိုက်ကယ် ကာရစ် က “ကျွန်တော် ဒီကို ရောက်ကတည်းက ကိုဘီ မိနူး ရဲ့ ကစားဟန်ကို သဘောကျနေတာပါ။ သူ့ကို တခြားကဏ္ဍတွေမှာ သိနေခဲ့တာ ကြာပြီဖြစ်ပေမဲ့ အခုတော့ ပိုပြီး သတိထားမိလာတာပေါ့။ သူဟာ ဒီဘောလုံးအသင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။ အကယ်ဒမီကနေ တက်လာပြီး အသင်းအပေါ် သစ္စာရှိတဲ့၊ ထူးချွန်တဲ့ လူငယ်လေးတွေထဲက တစ်ယောက်ပေါ့။ သူ ဘာတွေ လုပ်ပြနိုင်လဲဆိုတာ အားလုံး မြင်ပြီးသားပါ။ အထူးသဖြင့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာ သူ တကယ်ကို ကောင်းခဲ့ပါတယ်။ ဒါကြောင့် စာချုပ်သစ် ချုပ်ဆိုတာက သဘာဝကျသလို ကျွန်တော် အပါအဝင် အားလုံးလည်း အရမ်းကို ဝမ်းသာနေကြပါတယ်။ သူက ဒါနဲ့ ထိုက်တန်တဲ့သူပါ” လို့ ပြောခဲ့ပါတယ်။
ကိုဘီ မိနူး ဟာ ဒီရာသီ ရူဘင် အာမိုရင် လက်ထက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို ဖာနန်ဒက်စ် ဒဏ်ရာရနေချိန်မှာ သူပါ ဒဏ်ရာရခဲ့လို့ အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ မိုက်ကယ် ကာရစ် ရောက်လာပြီးနောက်မှာတော့ သူဟာ အသင်းရဲ့ ပွဲတိုင်းမှာ ပါဝင်နေတဲ့ အမာခံ ကစားသမား ဖြစ်လာပါတယ်။
ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတဲ့ လူငယ်လေးကို ချီးကျူးစကား ပြောရာမှာတော့ “ကစားသမား အားလုံးနဲ့ နားလည်မှု တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်း ကိုဘီ မိနူး ရဲ့ အတက်အကျတွေ၊ စိန်ခေါ်မှုတွေကို ကျွန်တော် နားလည်ပါတယ်။ သူ့ကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်အောင် ဝန်းကျင်တစ်ခု ဖန်တီးပေးထားတာပါ။ သူဟာ အမြဲတမ်း တိုးတက်နေပြီး အခုဆို ယုံကြည်မှုလည်း ပိုရှိလာသလို တာဝန်ယူလိုစိတ်လည်း မြင့်တက်လာပါတယ်။ သူ့ရဲ့ ကစားဟန်က ပိုကောင်းလာတာကို အားလုံး မြင်တွေ့နိုင်ပါတယ်။ သူက တကယ်ကို တော်တဲ့သူပါ၊ နောက်ထပ်လည်း အများကြီး လုပ်ပြနိုင်ပါသေးတယ်။ သူက လူငယ်လေးပဲ ရှိသေးတာမို့ အခုလက်ရှိ အနေအထားက သူ့အတွက် တကယ့်ကို အခြေအနေကောင်းပါပဲ” လို့ ယာယီနည်းပြက ဆိုပါတယ်။
လာမဲ့ တနင်္ဂနွေနေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် က ပြိုင်ဘက် လီဗာပူး ကို အိမ်ကွင်းမှာ လက်ခံကစားမှာဖြစ်ပြီး ကိုဘီ မိနူး ပွဲထွက်လာဖို့ ရှိနေပါတယ်။ ယူနိုက်တက် အနေနဲ့ ဒီပွဲမှာ အနိုင်ရပြီး ပရီးမီးယားလိဂ် ဇယား အဆင့် ၃ နေရာကို ဆက်ပြီး ထိန်းထားဖို့ မျှော်လင့်နေပါတယ်။
Source : https://onefootball.com/




