မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာတော့မဲ့ ကတ်စ်မဲရိုး က သူ့ကို ထိပ်တန်းဘောလုံးလောကကနေ အနားယူဖို့ ပြောကြားခဲ့တဲ့ ဂျေမီ ကာရေဂါ ရဲ့ မှတ်ချက်တွေဟာ “မလေးစားရာရောက်တယ်” လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ဒီဘရာဇီးလ် ဝါရင့်ကွင်းလယ်လူဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။ သူဟာ ၂၀၂၃-၂၄ ရာသီမှာ ကြုံတွေ့ခဲ့ရတဲ့ ခြေစွမ်းပိုင်းဆိုင်ရာ ဝေဖန်မှုတွေအပေါ် ရီယို ဖာဒီနန် ရဲ့ YouTube ချန်နယ်ကနေတစ်ဆင့် ပထမဆုံးအကြိမ် ဖွင့်ဟလာတာ ဖြစ်ပါတယ်။
ခရစ္စတယ် ပဲလေ့စ် ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဂျေမီ ကာရေဂါ က ကတ်စ်မဲရိုး ရဲ့ ခေတ်ကုန်သွားပြီလို့ ဝေဖန်ခဲ့တာပါ။ အဲ့ဒီအပေါ်မှာ ကတ်စ်မဲရိုး က “ဒါက ခင်ဗျားရဲ့ အမြင်ပါ။ ကျွန်တော် လေးစားပေမဲ့ ကျွန်တော့်အပေါ် မလေးစားရာရောက်လို့ ကျွန်တော် သဘောမကျပါဘူး” လို့ ပြောခဲ့ပါတယ်။ ဂျေမီ ကာရေဂါ ကတော့ ကတ်စ်မဲရိုး အနေနဲ့ အမ်အယ်လ်အက်စ် ဒါမှမဟုတ် ဆော်ဒီ ပရိုလိဂ် လိုမျိုး နေရာကို ပြောင်းသင့်ပြီလို့ တိုက်တွန်းခဲ့တာပါ။
အသင်းမှာ ဒဏ်ရာပြဿနာတွေ များနေချိန်မှာ သူဟာ ဗဟိုနောက်ခံလူအဖြစ် ၁၂ ပွဲကနေ ၁၅ ပွဲအထိ ကူညီကစားပေးခဲ့ရတာကိုလည်း ကတ်စ်မဲရိုး က ထောက်ပြခဲ့ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ဝေဖန်ခံရတာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မခိုင်မာရင် ခက်ခဲနိုင်တယ်လို့ သူက ဆိုပါတယ်။ မန်ချက်စတာ စီးတီး ကို နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ နည်းပြ အဲရစ် တန်ဟက်ဂ် က သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာဟာလည်း အသင်းကနေ ထွက်ခွာဖို့ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
သူဟာ ရီးယဲလ် မက်ဒရစ် ရဲ့ ဆန်တီယာဂို ဘာနေဗျူး ကနေ ထွက်ခွာခဲ့တုန်းကလိုပဲ အချိန်မှန်မှာ ထွက်ခွာတာလို့ ယုံကြည်နေပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အက်ဖ်အေဖလား နဲ့ ကာရာဘောင်းဖလား တွေ ရယူပေးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူနေပါတယ်။ ဒီရာသီမှာ ၉ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့အတွက် သူ့ကို ဝေဖန်သူတွေ မှားကြောင်း သက်သေပြနိုင်ခဲ့ပြီလို့လည်း သူက ယူဆထားပါတယ်။
Source : https://www.goal.com/




