အန်းဖီးလ်မှာ နိုင်ပွဲရှာပေးခဲ့တဲ့ ဆေးအဖွဲ့နဲ့ ဇိုလစ်ရဲ့ စွမ်းဆောင်ရည်ကို မီခေးလ် အာတီတာ ချီးကျူး

အန်းဖီးလ်မှာ အာဆင်နယ် နိုင်ပွဲရယူပြီးနောက် အာတီတာ ချီးကျူး

လီဗာပူး နဲ့ ပွဲမတိုင်ခင် ခရစ္စတိုစ် ဇိုလစ် ကို ပွဲထွက်ကစားနိုင်အောင် အဆင်သင့်ဖြစ်စေခဲ့တဲ့ အာဆင်နယ် ဆေးအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို နည်းပြ မီခေးလ် အာတီတာ က အထူးချီးကျူးသွားပါတယ်။ အာဆင်နယ် ဟာ အန်းဖီးလ် မှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ဒါဟာ ၂၀၁၂ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ပထမပိုင်းအစောပိုင်းမှာ ကိုင် ဟာဗက်ဇ် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ ခံစစ်ပိုင်းအကောင်းဆုံး ကစားနိုင်ခဲ့တာကြောင့် နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လက ဂရိလက်ရွေးစင်အသင်းနဲ့အတူကစားရင်း ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တဲ့ ဇိုလစ် ကို ပွဲထွက်လူစာရင်းမှာ အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရတာပါ။ လူစားဝင်စာရင်းမှာပဲ ပါဝင်နိုင်ခဲ့တဲ့ အီဘရီချီ အီဇီ ကလည်း ဒဏ်ရာပြဿနာ အနည်းငယ် ကြုံတွေ့နေရတယ်လို့ အာတီတာ က ပွဲအပြီးမှာ ရှင်းပြခဲ့ပါတယ်။ အာတီတာ ဟာ ဇိုလစ် ကို ပွဲထွက်အဖြစ် ချက်ချင်းအသုံးပြုခဲ့ပြီး သူဟာ တိုက်စစ်ပိုင်းမှာ မမောနိုင်မပန်းနိုင် ကြိုးစားအားထုတ်မှုတွေနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြသသွားပါတယ်။

သူဟာ လီဗာပူး ဂိုးသမား အလီဆင် ကာကွယ်ရခက်တဲ့ အောက်ထောင့်ကန်ချက်ပြုလုပ်ခဲ့သလို နောက်တိုင်ဆီ ဖြတ်တင်ဘောပို့ပေးပြီး ဒုတိယဂိုးနီးပါးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ ဇိုလစ် ကို ပွဲထွက်ကစားစေဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အာတီတာ က လေ့ကျင့်ရေးကွင်းက သူ့ရဲ့ စိတ်ဓာတ်ခွန်အားကြောင့်ဖြစ်ပြီး ဆေးအဖွဲ့ရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြု ချီးကျူးရမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီနိုင်ပွဲဟာ ကြားရက်တုန်းက ကာရာဘောင်းဖလားမှာ လိဂ်တူးကလပ် ဖလိဝုဒ် ကို ပင်နယ်တီနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ စိတ်ပျက်စရာရလဒ်ကို အမြန်ဆုံး မေ့ဖျောက်စေနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဂိုးပေါက်ကန်ချက် အကြိမ်ကြိမ် လွဲချော်ခဲ့ပေမဲ့ အာတီတာ ကတော့ ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ခဲ့ပြီး အန်းဖီးလ် လို ကွင်းမျိုးမှာ အကောင်းဆုံး တုံ့ပြန်ပြနိုင်ခဲ့ပါတယ်။

Source : https://www.standard.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *