မန်ချက်စတာစီးတီး လက်ထောက်နည်းပြ ပက် လင်ဒါးစ်က ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားရဲ့ ၉ နှစ်ကြာ အသင်းကစားသမားဘဝဟာ ဒီနွေရာသီမှာ အဆုံးသတ်တော့မယ်လို့ အရိပ်အမြွက် ပြောလိုက်ပါတယ်။ “ဇာတ်လမ်းကောင်းတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိစမြဲပါ” လို့ သူက ဆိုပါတယ်။
အသက် ၃၁ နှစ်အရွယ် ဆေးလ်ဗားရဲ့ စာချုပ်ဟာ ဒီရာသီကုန်မှာ သက်တမ်းကုန်မှာဖြစ်ပြီး အခုထိ စာချုပ်သစ် လက်မှတ်မထိုးသေးပါဘူး။ သူ့ကို လာလီဂါထိပ်သီး ဘာစီလိုနာ၊ စီးရီးအေက ဂျူဗင်တပ်စ်အပြင် အမေရိကန်ကလပ်တွေကပါ စိတ်ဝင်စားနေကြပါတယ်။
လီဗာပူးကို ၄-ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲအပြီးမှာ လင်ဒါးစ်က မီဒီယာတွေကို ဖြေကြားခဲ့တာပါ။ အဲ့ဒီပွဲမှာ နည်းပြ ဂွါဒီယိုလာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ကွင်းဘေးကနေ ညွှန်ကြားခွင့်မရခဲ့ပါဘူး။ လင်ဒါးစ်က ဆေးလ်ဗားဟာ စီးတီးအတွက် ဘယ်လောက် အရေးပါလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
“ကစားသမားတစ်ယောက်နေရာမှာ အစားထိုးဖို့ဆိုတာ မလွယ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့လိုလူမျိုးက နောက်ထပ်မရှိလို့ပါ။ ဘာနာဒို ဆေးလ်ဗားကတော့ တကယ့်ကို ထူးခြားတဲ့သူပါ။ ကစားပွဲကို ထိန်းချုပ်ပုံ၊ လှုပ်ရှားပုံ၊ ဘောလုံးလက်ခံပုံနဲ့ အသင်းကို ဦးဆောင်ပြီး ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ပုံစံတွေက တကယ့်ကို အံ့မခန်းပါပဲ” လို့ လင်ဒါးစ်က ချီးကျူးခဲ့ပါတယ်။
သူမကစားတဲ့ တစ်ပွဲတည်းမှာတင် သူ့ကိုဘယ်လောက် လွမ်းရမလဲဆိုတာ သိနိုင်သလို၊ ရာသီတစ်ခုလုံးသာ မရှိရင် ဘယ်လောက် ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ပါလို့လည်း သူက ဆိုပါတယ်။ “ဒါပေမဲ့ ဇာတ်လမ်းကောင်းတိုင်း အဆုံးသတ် ရှိပါတယ်။ သူ ကျန်ရှိနေတဲ့ ၆ ပတ်တာကာလကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး အကောင်းဆုံး နှုတ်ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ရောက်လာတဲ့ ဆေးလ်ဗားဟာ စနေနေ့ပွဲမှာ စီးတီးအတွက် ၄၅၀ ကြိမ်မြောက် ပွဲထွက်ကစားခဲ့တာဖြစ်ပြီး ဆုဖလား ၁၈ လုံးအထိ ရယူပေးထားနိုင်ပါတယ်။ ဂွါဒီယိုလာရဲ့ အကြိုက်ဆုံး ကစားသမားဖြစ်သလို ဒီဘရိုင်းနား ထွက်သွားပြီးနောက်မှာလည်း အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူပါ။
စီးတီးဟာ နော့တင်ဟမ်ဖောရက်စ်က ကွင်းလယ်လူ အီးလီးယတ် အန်ဒါဆန်ကို ခေါ်ယူဖို့ သတင်းထွက်နေပေမဲ့ လင်ဒါးစ်ကတော့ အကယ်ဒမီက လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့ကိုပဲ အဓိကထား ပြောသွားခဲ့ပါတယ်။
Source : https://www.bbc.com/




