ပြင်သစ်ဂန္ထဝင် ခရစ္စတိုဖာ ဒူဂါရီက ပီအက်စ်ဂျီနဲ့ လီဗာပူးတို့ရဲ့ ဥရောပပွဲကြီးပွဲကောင်း မတိုင်ခင်မှာ သူ့ရဲ့အမြင်တွေကို ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီကတော့ တူးလော့စ်ကို ၃-၁ နဲ့ နိုင်ထားလို့ ယုံကြည်မှုအပြည့်ရှိနေပေမဲ့ လီဗာပူးကတော့ အက်ဖ်အေဖလားမှာ မန်စီးတီးကို ၄-၀ နဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့လို့ ဖိအားတွေ ရှိနေပါတယ်။
ဒီပွဲမတိုင်ခင်မှာ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ဒူဂါရီက RMC Sport နဲ့ အင်တာဗျူးမှာ အင်္ဂလန်ကလပ် လီဗာပူးရဲ့ ဒီရာသီခြေစွမ်းဟာ ကပ်ဘေးဆိုက်နေသလိုပဲလို့ ပြောခဲ့ပါတယ်။ “တကယ်တော့ ဒါက အရမ်းလွယ်တဲ့ ပွဲတစ်ပွဲပါ။ လီဗာပူးက တကယ့်ကို ကပ်ဘေးဆိုက်နေတာ။ ဒီရာသီမှာ ၁၄ ပွဲနိုင်၊ ၁၀ ပွဲရှုံးနဲ့ ၇ ပွဲသရေပဲ ရှိသေးတယ်။ အရည်အသွေးကွာခြားချက်က အကြီးကြီးမို့ ပီအက်စ်ဂျီက ပထမအကျော့မှာတင် နောက်တစ်ဆင့်တက်ဖို့ သေချာသွားပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
“လီဗာပူးကစားတာကို ကြည့်ဖူးလား။ သူတို့ဆီမှာ အားအင်တွေ မရှိသလို မြန်ဆန်တဲ့ ကစားဟန်လည်း မရှိဘူး။ နည်းစနစ်ပိုင်းကောင်းတဲ့ ကစားသမားတွေ ရှိတာမှန်ပေမဲ့ အသင်းလိုက်ကစားပုံက အရမ်းနှေးလွန်းတယ်” လို့လည်း သူက ဝေဖန်သွားပါတယ်။
Source : https://www.tribalfootball.com/




