အန်ဂျလီနာ ဂျိုလီရဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူဟာ သူမရဲ့ အသက်အရွယ်တုန်းက မိခင်ဖြစ်သူနဲ့ တစ်ပုံစံတည်း တူလွန်းနေတာကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
တောင်ကိုရီးယား အဆိုတော် ဒါယောင်းဟာ ဧပြီလ ၂ ရက်နေ့မှာ သူမရဲ့ “What’s a Girl to Do” သီချင်းအတွက် တီဇာဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရတာကြောင့် လူတွေက မှတ်ချက်တွေ အပြိုင်အဆိုင် ပေးခဲ့ကြပါတယ်။
ဗီဒီယို တီဇာစတင်ပြီး ၁၅ စက္ကန့်မှာတင် ကင်မရာဟာ ရှိုင်လို ဂျိုလီကို အနီးကပ် ရိုက်ပြထားပါတယ်။ သူမဟာ အသက် ၅၀ ရှိပြီဖြစ်တဲ့ အန်ဂျလီနာ ဂျိုလီနဲ့ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဘရတ် ပစ်တို့ရဲ့ သားသမီး ၆ ယောက်ထဲက တစ်ယောက်ပါ။ ဒီဗီဒီယိုထဲမှာ ရှိုင်လိုဟာ အညိုရောင် ဇာအင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက် ကျစ်ထားပါတယ်။ နားကပ် အဝိုင်းကြီးတွေနဲ့ နှုတ်ခမ်းကွင်းကိုလည်း ဆင်မြန်းထားသလို သူမရဲ့ မိခင် အကြိုက်ဆုံးဖြစ်တဲ့ မျက်လုံးမိတ်ကပ် ပုံစံမျိုးကိုလည်း လိမ်းခြယ်ထားပါတယ်။

ရှိုင်လိုဟာ သူမရဲ့ မိခင်နဲ့ တူတယ်လို့ အမြဲ အပြောခံရသူဖြစ်ပြီး မျက်လုံးပြာပြာ၊ ထူထဲတဲ့ နှုတ်ခမ်းနဲ့ နှာခေါင်းပုံစံတွေက အန်ဂျလီနာနဲ့ အရမ်းကို ဆင်တူပါတယ်။
အခု ဗီဒီယိုထဲမှာတော့ ပိုပြီး သိသိသာသာ တူနေတာပါ။ Reddit မှာ ပျံ့နှံ့နေတဲ့ ပုံအောက်မှာ “သူ့အမေ ငယ်ငယ်တုန်းကနဲ့ အရမ်းတူတာပဲ” ဆိုတဲ့ မှတ်ချက်က Like ပေါင်း ၄,၆၀၀ ကျော် ရရှိခဲ့ပါတယ်။
ရှိုင်လိုဟာ ဒီဗီဒီယိုထဲမှာ မော်ဒယ်အဖြစ် သရုပ်ဆောင်ရုံတင်မကဘဲ ကကွက်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။
မိဘတွေရဲ့ ခြေရာကို လိုက်ပြီး ရှိုင်လိုဟာ ပရော်ဖက်ရှင်နယ် အကသမားနဲ့ ကကွက်ဖန်တီးသူအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပြီး တစ်ခါတလေမှာ Shi Joli ဆိုတဲ့ အမည်နဲ့ ဖျော်ဖြေလေ့ရှိပါတယ်။
အရင်က ရှိုင်လို ဂျိုလီ-ပစ် လို့ လူသိများခဲ့ပေမဲ့ သူမရဲ့ ၁၈ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာတော့ “ပစ်” ဆိုတဲ့ နာမည်ကို ဖြုတ်ဖို့ လျှောက်ထားခဲ့ပါတယ်။
သူမရဲ့ မိဘတွေဟာ ၂၀၀၄ ခုနှစ်က “Mr. and Mrs. Smith” ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာပါ။
Starship Entertainment ရဲ့ ပြောရေးဆိုဆိုခွင့်ရှိသူ တစ်ဦးကတော့ ရှိုင်လိုဟာ ဒါယောင်းရဲ့ ဗီဒီယိုထဲမှာ ပါဝင်ဖို့အတွက် သူမရဲ့ မိဘတွေကြောင့် အခွင့်အရေးရခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်တော့ သူမဟာ နာမည်ကြီး မိဘတွေက ဆင်းသက်လာမှန်း ကုမ္ပဏီက လုံးဝမသိခဲ့ပါဘူး။
“ကျွန်တော်တို့ ဒါယောင်းရဲ့ ဗီဒီယိုအတွက် အမေရိကန်မှာ လူရွေးပွဲ လုပ်ခဲ့တာပါ။ အဲ့ဒီမှာ ‘Culture’ ဆိုတဲ့ အကအဖွဲ့က လူတွေလည်း လာပြိုင်ကြပါတယ်” လို့ သူက ပြောပါတယ်။
“ရှိုင်လိုဟာ နောက်ဆုံးအဆင့်မှာ ရွေးချယ်ခံခဲ့ရပြီး ဒီဗီဒီယိုထဲမှာ ပါဝင်ဖြစ်ခဲ့တာပါ။ ရိုက်ကူးရေး ပြီးတဲ့အထိ သူမဟာ အန်ဂျလီနာ ဂျိုလီနဲ့ ဘရတ် ပစ်တို့ရဲ့ သမီးမှန်း ကျွန်တော်တို့ မသိခဲ့ပါဘူး။ မကြာခင်ကမှ တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရတာပါ” လို့ ဆက်ပြောပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ဘရတ် ပစ်ဟာ သမီးဖြစ်သူရဲ့ အကကို ကြည့်ပြီး မျက်ရည်ကျခဲ့ရတယ်လို့ ပြောဖူးပါတယ်။ “သူ ဘယ်သူ့ဆီကနေ ဒီပါရမီတွေရလဲ ကျွန်တော် မသိဘူး။ ကျွန်တော်ကတော့ အကနဲ့ပတ်သက်ရင် လုံးဝ မတတ်တဲ့သူပါ” လို့ သူက ဆိုပါတယ်။
ရှိုင်လိုရဲ့ ကကွက်တွေကိုတော့ တနင်္လာနေ့က ထွက်ရှိခဲ့တဲ့ ဒုတိယ တီဇာဗီဒီယိုထဲမှာ ထပ်မံ မြင်တွေ့နိုင်ပါတယ်။
Source : https://www.msn.com/




