ဖိအားတွေ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးနည်းပြ လီယမ် ရိုဆင်နီယာရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ အခွင့်အရေးကို လက်ခံမှာမဟုတ်ဘူးလို့ စီစစ် ဖာဘရီဂတ်စ်က ပြောလိုက်ပါတယ်။ တနင်္ဂနွေနေ့က မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ဖို့ အခြေအနေ တော်တော်လေး ဆိုးရွားနေတာပါ။ ဒါကြောင့် ဇန်နဝါရီလကမှ ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်အကြီးစားနဲ့ ခန့်အပ်ခံထားရတဲ့ ရိုဆင်နီယာဟာ သူ့ရဲ့ရာထူးကို ထိန်းသိမ်းနိုင်ဖို့ အသည်းအသန် ရုန်းကန်နေရပါတယ်။
အကယ်လို့ ရိုဆင်နီယာကို ထုတ်ပယ်ခဲ့ရင် ချယ်လ်ဆီးအသင်းက အခုချိန်မှာ ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ အသက် ၃၈ နှစ်အရွယ် ဖာဘရီဂတ်စ်ကို လှည့်ကြည့်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ဒါပေမဲ့ ချယ်လ်ဆီးမှာ ၅ နှစ်ကြာ ကစားခဲ့ဖူးတဲ့ စပိန်ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကတော့ သူဟာ လက်ရှိအသင်းမှာပဲ ပျော်ရွှင်နေပြီး ချယ်လ်ဆီးကို ပြန်လာဖို့ အစီအစဉ်မရှိကြောင်း အတိအလင်း ပြောကြားခဲ့ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ အမ်ဇို ဘီယာဇော့ ဆုကို လက်ခံရယူပြီးနောက် ဖာဘရီဂတ်စ်က “ကျွန်တော် ဒီပရောဂျက်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ မသိနိုင်ပေမဲ့ အခုအချိန်မှာတော့ ကိုမိုကနေ ထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ” လို့ ပြောခဲ့ပါတယ်။
သူက ဆက်ပြီး “ကျွန်တော် ဒီမှာ အောင်မြင်မှုတွေ ရနေတာကို ကျေနပ်ပါတယ်။ ဒါက အရေးကြီးတဲ့ ပရောဂျက်တစ်ခုပါ။ မိသားစုကလည်း ကိုမိုမှာ ပျော်နေတာကြောင့် ကျွန်တော် ဒီမှာပဲ ဆက်နေသွားမှာပါ” လို့ ဆိုပါတယ်။
ဖာဘရီဂတ်စ်ဟာ လာမဲ့ရာသီမှာ ကိုမိုအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကြိုးစားနေပြီး လက်ရှိမှာ ဂျူဗင်တပ်စ်နဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။ အီတလီနောက်ခံလူဟောင်း မာတာရက်ဇီကတော့ ချယ်လ်ဆီးဟာ လူငယ်အသင်းဖြစ်တာကြောင့် ဖာဘရီဂတ်စ်လို နည်းပြမျိုးကို ခန့်အပ်သင့်တယ်လို့ အကြံပြုခဲ့ပေမဲ့ ရိုဆင်နီယာကတော့ အသင်းတာဝန်ရှိသူတွေက သူ့ကို ဆက်လက်ထောက်ခံနေဆဲပဲလို့ ယုံကြည်နေပါတယ်။
Source : https://www.thesun.co.uk/




