ဘာစီလိုနာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး လာမင်း ယာမားလ် ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆော်ဒီအာရေဗျ အသင်းကို ၄-ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ စပိန် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသပေးခဲ့ပြီးနောက် ဝိန်း ရွန်းနီ က ၎င်းအပေါ် အလွန်အမင်း ချီးကျူးစကား ဆိုလိုက်ပါတယ်။
ဒီလူငယ်ပါရမီရှင်လေးဟာ ပွဲစလို့ ၁၀ မိနစ်အတွင်းမှာတင် သူ့ရဲ့ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ရွန်းနီ ကတော့ ပထမပိုင်းအပြီး လူစားမလဲခံရခင်အထိ ယာမားလ် ပြသသွားခဲ့တဲ့ သက်ရောက်မှုတွေအပေါ် လုံးဝကို အံ့အားသင့်ခဲ့ရတာပါ။
ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိုးရိမ်ရတာကြောင့် ကိတ်ဗာဒီ အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်တုန်းက လူစားလဲကစားသမားအဖြစ်နဲ့ ပွဲကစားချိန် ၁၉ မိနစ်ပဲ ပါဝင်ခွင့်ရခဲ့တဲ့ ယာမားလ် ဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းကနေ စတင်ကစားခွင့် ရရှိခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမားလေးဟာ ဆော်ဒီအာရေဗျ အသင်းကို ၄-ဂိုး ပြတ်နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးစတင်ဖို့အတွက် ၁၀ မိနစ်ပဲ အချိန်ယူခဲ့ရတာဖြစ်ပြီး ဒါဟာ ၎င်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စပိန် လက်ရွေးစင်အသင်းအတွက် ၂၇ ပွဲ ကစားပေးအပြီးမှာ ၎င်းရဲ့ ၇ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။
စပိန် အသင်း ၃-ဂိုး ပြတ်နဲ့ ဦးဆောင်ထားတဲ့ အနေအထားမှာ ယာမားလ်ကို ပထမပိုင်းအပြီးမှာတင် လူစားလဲခဲ့တာဖြစ်ပြီး ဒါဟာ ၎င်းရဲ့ ကစားသမားသက်တမ်းကို ထိန်းညှိဖို့အတွက် ကြိုတင်သဘောတူထားတဲ့ အစီအစဉ်ဖြစ်ကြောင်း ကစားသမားကိုယ်တိုင်က အတည်ပြုခဲ့ပါတယ်။ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွန်းနီ ကတော့ ဒီပါရမီရှင် တိုက်စစ်မှူးလေးရဲ့ အံ့မခန်း လွှမ်းမိုးနိုင်စွမ်းကို ထုတ်ဖော်ပြောဆိုရင်း ယာမားလ် အပေါ် ထားရှိတဲ့ အလွန်အမင်း အထင်ကြီးလေးစားမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။
“တစ်ခု သိလား၊ ကျွန်တော် သူ့ကို တကယ်ကို သဘောကျမိတာ၊ သူက ကျွန်တော့်ကို ပြုံးမိအောင် လုပ်နိုင်တယ်။ သူ ကစားတဲ့အခါမှာ မြင်တွေ့ရတဲ့ ပျော်ရွှင်မှုနဲ့ အားရစရာ ကောင်းမှုတွေပေါ့” လို့ ရွန်းနီ က ဘီဘီစီ ကို ပြောကြားခဲ့ပါတယ်။
ရွန်းနီ ဟာ ယာမားလ် ရဲ့ တိုက်စစ်ပိုင်း ထက်မြက်မှုတွေအပေါ်တင် အထင်ကြီးခဲ့တာမဟုတ်ဘဲ ပွဲစဉ်အတွင်း ယာမားလ်ရဲ့ ထူးခြားလှတဲ့ ခံစစ်အကူအညီပေးမှု နှုန်းထားအပေါ်မှာလည်း ချီးကျူးခဲ့ပါတယ်။
“အသက် ၁၈ နှစ်အရွယ်နဲ့ ဘောလုံးကွင်းထဲက တခြားကစားသမားတွေကို ပိုပြီးကောင်းမွန်လာအောင် ခံစားရစေတဲ့ အရည်အချင်းမျိုး ရှိနေတာဟာ တကယ့်ကို အံ့ဩစရာ ကောင်းလှပါတယ်။ ယာမားလ်က နောက်ကို ပြန်ပြေးပြီး သူ့ရဲ့အသင်းကို ကူညီပေးခဲ့တယ်။ နောက်ပြန်ပြေးပြီး ကူညီပေးဖို့ လိုလားတဲ့ ကစားသမားကြီးတစ်ယောက်ကို ရရှိထားတဲ့အခါ အဲဒါက တခြားအသင်းသားတွေအပေါ်မှာ သက်ရောက်မှု အများကြီး ရှိစေပါတယ်။ အသင်းသားတွေက အဲဒါကို ကြည့်ပြီး ‘ငါတို့ဆီမှာ ကမ္ဘာကျော် ကြယ်ပွင့်ကစားသမားတစ်ယောက်က နောက်ကို ပြန်ပြေးပြီး ခံစစ်ကို ကူညီပေးနေတယ်’ လို့ တွေးမိစေပါတယ်။ အဲဒါက တခြားသူတွေအနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကုန်လုံး လိုက်လုပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” လို့ ရွန်းနီ က ဆက်လက် ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source : https://www.goal.com/




