ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အမ်ဘာပေ နဲ့ ဟာလန်း တို့ဟာ သောကြာနေ့မှာ ဘော့စတွန်ကွင်းအတွင်း ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြင်သစ် အသင်းက အမ်ဘာပေ နဲ့ နော်ဝေ အသင်းက ဟာလန်း တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာပါ။
နှစ်နိုင်ငံလုံးဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပထမဆုံးနှစ်ပွဲစလုံးမှာ အနိုင်ရရှိထားပြီး သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးတွေရဲ့ အကောင်းဆုံးခြေစွမ်းတွေကြောင့် အားတက်နေကြပါတယ်။ အမ်ဘာပေ နဲ့ ဟာလန်း တို့ဟာ ပထမဆုံးနှစ်ပွဲစလုံးမှာ ၂ ဂိုးစီ သွင်းယူထားနိုင်ခဲ့လို့ အခုပြိုင်ပွဲမှာ ၄ ဂိုးစီ ရရှိထားပါတယ်။ မက်ဆီ ကတော့ ၅ ဂိုးနဲ့ ရွှေဖိနပ်ဆုအတွက် အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
အုပ်စု (I) ရဲ့ ထိပ်ဆုံးနေရာကို လုရဦးမှာဖြစ်လို့ အသင်းနှစ်ခုလုံးဟာ နောက်ကောက်ကျစဥ်အဆင့်ကို တက်ရောက်ဖို့ သေချာနေပြီဖြစ်ပေမဲ့ ကစားသမားနှစ်ဦးစလုံး ပွဲထွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီပွဲကတော့ ဘယ်သူက အုပ်စုပထမနေရာ ရမလဲဆိုတာကို ဆုံးဖြတ်မဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး သီအိုရီအရတော့ နောက်အဆင့်တွေမှာ ပိုပြီး အခြေအနေကောင်းမဲ့ လမ်းကြောင်းကို ရရှိစေမှာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်ခင် ဘီဘီစီ စပေါ့စ် ကနေ ကစားသမားတစ်ဦးချင်းစီဟာ သူတို့အသင်းအတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို သုံးသပ်တင်ဆက်ထားပါတယ်။
သူတို့ ဘယ်လောက်အထိ အရေးပါသလဲ။ သူတို့နှစ်ဦးစလုံးဟာ ကလပ်အသင်းတွေအတွက် အရေးပါတဲ့ ကစားသမားတွေဖြစ်ပေမဲ့ နိုင်ငံတကာပွဲစဉ်တွေမှာတော့ အမ်ဘာပေ နဲ့ ဟာလန်း တို့ရဲ့ အခန်းကဏ္ဍက ပိုပြီးတော့တောင် မြင့်မားလာပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လကစပြီး ပြင်သစ် အသင်းဟာ အမ်ဘာပေ ပါဝင်တဲ့ ပွဲစဉ်တွေမှာ ၆၉.၈ ရာခိုင်နှုန်းအထိ နိုင်ပွဲရရှိခဲ့ပြီး သူ မပါဝင်နိုင်တဲ့ ပွဲတွေမှာတော့ ၅၀ ရာခိုင်နှုန်းသာ နိုင်ပွဲရရှိခဲ့ပါတယ်။
ပြင်သစ် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ အမ်ဘာပေ ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုပြီး ထိရောက်မှုရှိအောင် ကူညီပေးပါတယ်။ အဲ့ဒီအချိန်ကာလအတွင်းမှာ ပြင်သစ် အသင်းဟာ သူပါဝင်ရင် တစ်ပွဲကို ပျမ်းမျှ ၂.၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး သူ မပါဝင်ရင်တော့ ပျမ်းမျှ ၁.၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
နော်ဝေ အသင်းရဲ့ အင်အားအခြေအနေနဲ့ နှိုင်းယှဉ်ရင် ဟာလန်း က သူ့နိုင်ငံအတွက် ပိုပြီး အရေးပါတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။
၂၀၂၂ ခုနှစ် ဩဂုတ်လကစပြီး နော်ဝေ အသင်းဟာ ဟာလန်း ပါဝင်တဲ့ ပွဲစဉ်တွေမှာ ၆၄.၅ ရာခိုင်နှုန်း နိုင်ပွဲရရှိခဲ့ပြီး သူ မပါဝင်ရင်တော့ ၃၃.၃ ရာခိုင်နှုန်းသာ နိုင်ပွဲရရှိခဲ့ပါတယ်။
ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ကစားသမားနှစ်ဦးစလုံး ပြိုင်ပွဲကြီးရဲ့ ဖိအားတွေကို မမှုဘူးဆိုတာကို ပြသနေပါတယ်။
မက်ဆီ ကို အားလုံးက အာရုံစိုက်နေကြပေမဲ့ အမ်ဘာပေ အနေနဲ့ ကမ္ဘာ့ဖလား ဂိုးသွင်းဘုရင်ဇယား ထိပ်ဆုံးမှာ သူ့ကို ကျော်တက်ဖို့က အချိန်ပိုင်းပဲ လိုတော့သလို ခံစားရပါတယ်။
အသက် ၃၉ နှစ်အရွယ် ဂန္ထဝင်ကစားသမားကြီးထက် ပြင်သစ်တိုက်စစ်မှူးက ကမ္ဘာ့ဖလား ၁၆ ပွဲ ကစားထားပြီး ၁၆ ဂိုး သွင်းယူကာ ၂ ဂိုးပဲ နောက်ကောက်ကျနေတာပါ။ အရေးကြီးတာက အမ်ဘာပေ ဟာ မက်ဆီ ထက် ၁၂ နှစ် ပိုပြီး ငယ်ရွယ်နေသေးတာဖြစ်ပြီး အာဂျင်တီးနား ဂန္ထဝင်ကြီးအနေနဲ့ နောက်ထပ် ၄ နှစ်အကြာမှာ ပြန်လာနိုင်ချေရှိတယ်ဆိုတာကို လုံးဝပယ်ဖျက်လို့မရပေမဲ့ ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ဖြစ်နိုင်ပါတယ်။
ဟာလန်း ကတော့ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲကို ကစားနေတာဖြစ်ပြီး ဗိုက်ကင်းလှေလှော်သမားတစ်ယောက် ရေထဲဆင်းသလို ပြိုင်ပွဲနဲ့ အသားကျနေပါတယ်။
သူဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ပထမဆုံး နှစ်ပွဲဆက်တိုက်မှာတင် တစ်ပွဲကို ဂိုးအများအပြား သွင်းယူနိုင်ခဲ့တဲ့ ဆဋ္ဌမမြောက် ကစားသမားဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာတော့ ၂၀၁၈ တုန်းက အင်္ဂလန် အတွက် သွင်းယူခဲ့တဲ့ ဟာရီ ကိန်း ပြီးရင် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
နော်ဝေ အသင်းအတွက် သူ့ရဲ့ မကြာသေးမီက ခြေစွမ်းကလည်း တကယ့်ကို အံ့မခန်းပါပဲ။ သူဟာ နိုင်ငံတကာ ပြိုင်ပွဲ ၁၂ ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာတင် ၁၆ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
နိုင်ငံတကာ ပွဲစဉ်တွေမှာတော့ ဟာလန်း က ဂိုးသွင်း ပိုပြီး မြန်ဆန်ပါတယ်။ အမ်ဘာပေ က ပွဲပေါင်း ၁၀၀ မှာ ၆၀ ဂိုး သွင်းယူထားနိုင်လို့ အထင်ကြီးစရာကောင်းပေမဲ့ နော်ဝေ တိုက်စစ်မှူးကတော့ ပွဲပေါင်း ၅၂ ပွဲပဲ ကစားထားရသေးပြီး ၅၉ ဂိုး သွင်းယူထားနိုင်ခဲ့လို့ အမ်ဘာပေ ထက် ၄၈ ပွဲ လျော့နည်းပြီး ၁ ဂိုးပဲ နောက်ကောက်ကျနေတာ ဖြစ်ပါတယ်။
Source : https://www.bbc.com/




