၄၁ နှစ်အရွယ်မှာ ၂ ဂိုးသွင်းပြီး ဝေဖန်သူတွေကို “ကျွန်တော် ပြန်လာပြီ” လို့ မာန်ဟုန်ပြင်းပြင်း တုံ့ပြန်လိုက်တဲ့ ရော်နယ်ဒို

ခရစ်စတီယာနို ရော်နယ်ဒို ကမ္ဘာ့ဖလားစံချိန်

ဥဇဘက်ကစ္စတန်ကို ၅-ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် ခရစ်စတီယာနို ရော်နယ်ဒိုဟာ တီဗီကင်မရာမှန်ဘီလူးကို စိုက်ကြည့်ပြီး သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းအတွက် ပြဿနာတစ်ခုဖြစ်နေတယ်လို့ ပြောခဲ့ကြသူတွေဆီကို စိန်ခေါ်တဲ့ မက်ဆေ့ခ်ျတစ်ခု အော်ဟစ်အချက်ပြခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူဟာ ကမ္ဘာ့အကြီးမားဆုံး ဘောလုံးပြိုင်ပွဲကြီးရဲ့ သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားမှာပါ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တဲ့အပေါ် သူ့ရဲ့ ခံစားချက်တွေနဲ့ ဝမ်းသာပီတိဖြစ်မှုတွေကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။ ဒါဟာ သူ့ကို လျှော့တွက်ပြီး ဝေဖန်ခဲ့ကြသူတွေကို အကောင်းဆုံး တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အုပ်စု (K) ရဲ့ အဖွင့်ပွဲစဉ်မှာ ဒီအာရ် ကွန်ဂိုနဲ့ ၁-၁ သရေကျခဲ့ပြီး ရုန်းကန်ခဲ့ရလို့ ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ဖက်မှာတော့ အာဂျင်တီးနားရဲ့ လီယွန်နယ် မက်ဆီပြင်သစ်တိုက်စစ်မှူး ကီလီယံ အမ်ဘာပေနော်ဝေရဲ့ အားလင်း ဟာလန်းဘရာဇီးရဲ့ ဗီနီစီယပ်စ် ဂျူနီယာနဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီ ကိန်းတို့လို ကမ္ဘာ့အဆင့်ကြယ်ပွင့်တွေကတော့ ပထမပတ်နှစ်ပတ်အတွင်းမှာပဲ ခြေစွမ်းပြနေခဲ့ကြတာပါ။

ဒါပေမဲ့ ရော်နယ်ဒိုကတော့ နောက်ကျမှ ရောက်လာပေမဲ့ ပွဲကို အကြမ်းဆုံး ပုံစံနဲ့ စတင်လိုက်ပါတယ်။ သူဟာ ပွဲစပြီး ၆ မိနစ်မှာတင် ဂျိုအာအို ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် အကောင်းဆုံး ပိတ်သွင်းပြီး သူ့ရဲ့ စံချိန်တင်ဂိုးကို စတင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းမပြီးခင်မှာတင် ဘရူနို ဖာနန်ဒက်စ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုကနေတစ်ဆင့် ဒုတိယမြောက်ဂိုးကို သေသပ်စွာ သွင်းယူခဲ့ပါတယ်။

အာဘဒူကိုဒီယာ ခုဆာနော့ဗ်က ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်နိုင်ခဲ့လို့သာ ရော်နယ်ဒိုတစ်ယောက် ပထမပိုင်းမှာတင် ဟက်ထရစ် မရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ အသင်းဖော်တွေ ဝိုင်းကူညီပေးခဲ့ပေမဲ့လည်း အသင်းခေါင်းဆောင်ဖြစ်သူ မျှော်လင့်နေတဲ့ ဟက်ထရစ်ဂိုးကိုတော့ မရရှိခဲ့ပါဘူး။

ပွဲအပြီးမှာ သူအော်ခဲ့တဲ့ “ကျွန်တော် ပြန်လာပြီ” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ ဘလွန်းဒီအော ၅ ကြိမ်ရ ရော်နယ်ဒိုက “ဒါက ဝေဖန်သူတွေ မေ့မသွားအောင် သတိပေးလိုက်တာပါ၊ ၂၃ နှစ်လုံးလုံး ဒီလိုပုံစံအတိုင်း လုပ်ပြလာခဲ့တာပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက အသင်းရဲ့ စုစည်းမှုနဲ့ ဒီနိုင်ပွဲကပေးတဲ့ ယုံကြည်မှုပါပဲ။ ကိုယ်ပိုင်စံချိန်တွေက အမြဲတမ်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်က အသင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကူညီပေးဖို့ပါပဲ။ ပြီးခဲ့တဲ့ အပတ်တုန်းက အခက်အခဲတွေ အများကြီး ဖြတ်ကျော်ခဲ့ရပေမဲ့ အသင်းက တကယ့်ကို ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့ပြီး အများကြီး တိုးတက်လာခဲ့ပါတယ်။ ဘောလုံးမကန်ရဘဲ ဝေဖန်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ရက်တွေက ခက်ခဲပြီး မှောင်မိုက်တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အလုပ်အပေါ် ယုံကြည်တာကြောင့် အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ခက်ခဲခဲ့ပေမဲ့ အခုတော့ ကျွန်တော်တို့ ပြန်လာပါပြီ။” လို့ ရော်နယ်ဒိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဝိန်း ရူနီကလည်း ဘီဘီစီ စပေါ့တ်ကို အခုလို ချီးကျူးစကား ဆိုခဲ့ပါတယ်။

“ဒီပြိုင်ပွဲမှာ တခြား ထိပ်တန်းကစားသမားတွေ ဂိုးသွင်းနေချိန်မှာ အသက် ၄၁ နှစ်အရွယ်နဲ့ ကမ္ဘာ့ဖလားမှာ ၂ ဂိုး သွင်းနိုင်တာက တကယ့်ကို အံ့သြစရာပါပဲ။ သူ အကောင်းဆုံး ကစားနိုင်ခဲ့တာ မဟုတ်ပေမဲ့ ဒါဟာ သူ့ရဲ့ ပုံစံပါပဲ။ သူဟာ ဝေဖန်မှုတချို့ကို ကြုံခဲ့ရပေမဲ့ ဒီလိုနည်းနဲ့ ပြန်လည်တုံ့ပြန်ပြလေ့ရှိပါတယ်။ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာလည်း ဒီလိုပဲ လုပ်ပြခဲ့တာပါ။ သူက အမြဲတမ်း အကောင်းဆုံးဖြစ်ချင်သူဖြစ်ပြီး အမြဲတမ်းလည်း ဒီလိုပါပဲ။ တခြား တိုက်စစ်မှူးတွေနဲ့ ကစားသမားတွေ ဂိုးသွင်းနေချိန်မှာ သူက အဲ့ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေချင်တာပါ။ အခု သူ့ရဲ့ တုံ့ပြန်မှုကလည်း သူ့ဆီကနေ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူက အကောင်းဆုံးဖြစ်ချင်တဲ့ နေရာမှာ တစ်ကိုယ်ကောင်းဆန်တတ်ပေမဲ့ အသင်းအတွက်လည်း ကစားပေးတတ်တဲ့ ကစားသမားပါ။ မနေ့ညက မက်ဆီရဲ့ ပုံစံနဲ့ အခု ရော်နယ်ဒိုရဲ့ ပုံစံတွေကို သူတို့ရဲ့ အသက်အရွယ်တွေနဲ့ ကြည့်ရတာ တကယ့်ကို မယုံနိုင်စရာ ကောင်းလှပါတယ်”။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *